လျှပ်စစ်မီးချို့ယွင်းချက်ကြောင့် ဖြစ်ခဲ့ရတဲ့ မန္တလေးရတနာပုံဈေးမီးကြောင့် နေရာပျောက်ခဲ့ရတဲ့ ဆိုင်တွေ ဒီရက်ပိုင်းမှာ နေရာအပြောင်းအလဲတွေနဲ့ လုပ်ငန်းတွေစတင်လည်ပတ်နေကြသလို နေရာရှာမတွေ့သေးသူ တွေလည်းရှိနေပါသေးတယ်။ မန်းမြန်မာပလာဇာနဲ့ ရတနာပုံဈေးအနီးပတ်ဝန်းကျင်တွေမှာ နေရာငှားရမ်းလို့ ဆိုင်ခန်းများဖွင့်လှစ်နေသူရှိနေသလိုပဲ မန္တလေးမြို့စည်ပင်သာယာရေးကော်မတီက တည်ဆောက်ပေးနေတဲ့ ၇၇ လမ်း၊ ၂၆x၃၀ လမ်းကြားက ယာယီဈေးနေရာကို စောင့်မျှော်နေကြတာတွေလည်းရှိနေပါတယ်။ ရတနာပုံ အဆင့်မြင့်ဈေးကြီးရဲ့ တတိယထပ်နဲ့ စတုတ္ထထပ်တွေမှာ ကွန်ပျူတာအရောင်းပြခန်း၊ ကွန်ပျူတာသင်တန်းနဲ့ ပြုပြင်ရေးဆိုင်အများအပြားရှိခဲ့ပါတယ်။ အဲဒီလိုပဲ ကွန်ပျူတာဈေးကွက်ကို တစ်စုတစ်စည်းတည်း ဖြစ်ဖို့ အဆင့်မြင့်ဈေးချိုပလာဇာရဲ့ ၅ လွှာ၊ ၆ လွှာ၊ ရ လွှာတွေမှာ ကွန်ပျူတာနဲ့ပတ်သက်တဲ့ အရောင်းပြခန်း၊ သင်တန်း၊ ပြုပြင်ရေးဆိုင်များအတွက် သီးသန့်ရည်ရွယ်ပြီး ပေ ၂၀ ပတ်လည်အခန်းများ ငှားရမ်းပေးဖို့ FIVE OCEANS COMPANY နဲ့ မန္တလေးမြို့စည်ပင်သာယာရေးကော်မတီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်ကြောင်း မတ်လ(၁၂)ရက်နေ့ မွန်းလွဲ(၂)နာရီကကျင်းပတဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ Five Oceans Company ဒါရိုက်တာဖြစ်သူ ဦးကြည်အောင်မှ ပြောကြားခဲ့ပါတယ်။ အခန်းပြင်ဆင်ဖွဲ့စည်းဖို့ ၄၅ ရက်တာ အချိန်ပေးထား မှာဖြစ်ပြီး အခန်းငှားရမ်းခကို ပထမ (၆)လအတွက် အခမဲ့ဖြစ်ပါတယ်။ ပေ ၂၀ ပတ်လည်ရှိမယ့် နေရာတစ်နေရာကို ၅ လွှာအတွက် ၈ သောင်း၊ ၆ လွှာအတွက် ၆ သောင်းနဲ့ ငှားရမ်းပေးမှာဖြစ်ပြီး လျှပ်စစ်မီး အတွက် မီးမလာပါက မီးစက်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ၇ လွှာမှာတော့ Conference Room, Meeting Room များပါဝင်မှာဖြစ်ပြီး အပေါ်ဆုံးထပ်မှာ ရေဂါလံ တစ်သိန်းခြောက်သောင်းဆန့်မယ့် ရေလှောင်ကန်များ ပါရှိမှာဖြစ်ပါတယ်။ မီးဘေးကြိုတင်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးအပိုင်းကိုလည်း ထည့်သွင်း ပေးထားမှာဖြစ်ပြီး ဧပြီလကုန်မှာဖွင့်လှစ်နိုင်ဖို့ အဆင့်မြင့်ဈေးချိုပလာဇာမှာ ရှိတဲ့ Five Oceans Company မှာ နှစ်ချုပ်ဖြင့်စတင်ငှားရမ်းပေးနေပြီဖြစ်ပါတယ်။
Posted by sayaba