Journalism School Head Saya Ko Yoe Kunt Move to Yangon

 

Journalism School - 1

 Journalism School - 2


ရန်ကုန်မြို့သို့ ပြောင်းရွေ့အခြေချတော့မည့် မန္တလေးမြို့ရဲ့ စာနယ်ဇင်းပညာသင်တန်း Journalism School ကို တည်ထောင်ဖွင့်လှစ်ခဲ့သူ အမျိုးသားစာပေဆုရ ဆရာကိုရိုးကွန့်အား နှုတ်ဆက်ပွဲအခမ်းအနားကို ၆၄x၂၆ လမ်းဒေါင့်ရှိ ရွှေတောင်တန်း-ကြေးအိုးဆိုင်မှာ မတ်လ(၁၁)ရက်နေ့ ညနေ(၅)နာရီက ကျင်းပပြုလုပ်ခဲ့ရာ အပတ်စဉ်(၁)မှ အပတ်စဉ်(၈)အထိ တက်ရောက်သင်ကြားခဲ့သော သင်တန်းသူ၊ သင်တန်းသားများ တက်ရောက် ခဲ့ကြပါတယ်။ အခမ်းအနားမှူးအဖြစ် ဟေမာန်ဦးမှ ဆောင်ရွက်ပေးခဲ့ပြီး ဆရာကိုရိုးကွန့်မှ နုတ်ခွန်းဆက်စကား ဆိုခဲ့ပါတယ်။ သင်တန်းတည်ရာနေရာဖြစ်သော ရတနာပုံဈေး တတိယထပ် AAT Computer Centre သည် ယခုအခါ ရတနာပုံဈေးမီးကြောင့် နေရာပြောင်းရွေ့ခဲ့ရပြီး စာနယ်ဇင်းသင်တန်းကိုလည်း ဆက်လက်သင်ကြား နိုင်ခြင်းမရှိပဲ ဖြစ်ခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ယခုအခါ မိခင်အားအနီးကပ် ပြုစုစောင့်ရှောက်နိုင်ဖို့ မိခင်နေထိုင်ရာ ရန်ကုန်သို့ ပြောင်းရွေ့နေထိုင်တော့မှာဖြစ်လို့ သင်တန်းသားများကို အခုလို နုတ်ဆက်တာ ဖြစ်ပါတယ်။ သင်တန်းသားများအနေနဲ့ သတင်းခေတ်မှာ သတင်းများကို ရေးသားရင်း ရသစာပေများကိုလည်း ရေးသားဖို့အတွက် တိုက်တွန်းပါကြောင်း ဆရာကိုရိုးကွန့်မှ ပြောကြားခဲ့ပါတယ်။ အဲဒီနောက် တက်ရောက်လာသော စာနယ်ဇင်းသင်တန်းသား၊ သင်တန်းသူများက တစ်ဦးခြင်းစီ ရင်ထဲကအမှတ်တရစကား များ ပြောဆိုခဲ့ကြပါတယ်။ ”ဆရာ မန္တလေးကနေ ခွဲခွာတော့မယ်ဆိုတာသိရတဲ့အချိန်မှာ ၀မ်းနည်းဝမ်းသာ ဖြစ်ခဲ့ပါတယ်။ ၀မ်းနည်းတာကတော့ မန္တလေးမှာ အရင်ကမရှိခဲ့ဖူးတဲ့ စာနယ်ဇင်းသင်တန်းကိုဖွင့်လှစ်ပေးခဲ့ပြီး မန္တလေးမြို့ကို နုတ်ဆက်ထွက်ခွာသွားလို့ပါ။ ၀မ်းသာသာကတော့ သင်တန်းမှာပဲ အချိန်ကုန်ခဲ့ပြီး စာအရေးနည်းခဲ့တဲ့ ဆရာ အခုတော့ အေးအေးဆေးဆေး စာတွေရေးနိုင်တော့မှာမို့ပါ။ ဆရာရဲ့ ကျေးဇူးကြောင့် စာအရေးအသားများ ပိုမိုတိုးတက်လာပါတယ်။ သတင်းစာ၊ ဂျာနယ်တွေမှာလည်း သတင်း၊ ဆောင်းပါးတွေ ရေးဖြစ်ခဲ့ပါတယ်။ နောင်လည်းစာတွေအများကြီးရေးဦးမယ်” လို့ စာနယ်ဇင်းသင်တန်းအမှတ်စဉ်(၁) သင်တန်းသားဖြစ်သူ ကိုထိပ်(မန္တလေး)မှ ပြောကြားခဲ့ပါတယ်။

Leave a Reply