အရင်းအနှီးများစွာနဲ့ နှစ်ပေါင်းများစွာ ရင်းနှီးပေးဆပ်ရင်း ရုပ်ရှင်ကားပေါင်းများစွားကို တင်ကျန်အောင်ရိုက်လေ့ရှိတဲ့ မန္တလေးမြို့က ရီမြင့်ရုပ်ရှင်က ကိုဇော်မြင့်တစ်ယောက် ၂၀၀၆-ခုနှစ် ရုပ်ရှင်အကယ်ဒမီဆု(၃)ဆုရတဲ့ ပန်းပျိုးသူတို့ အလင်္ကာမှာ အောင်ပန်းဆင်နိုင်ခဲ့ပါတယ်။ အကယ်ဒမီပေးပွဲက အပြန် တွေ့ဖြစ်ခဲ့တဲ့ ကိုဇော်မြင့်နဲ့ ရင်တွင်းစကားများ ပြောဖြစ်တဲ့အခါ ရစေချင်တဲ့ ဆုတွေ ရခဲ့တာမို့ ကျေနပ်ပါတယ်။ လိုချင်တဲ့ဆုတွေချည်းပါပဲ လို့ ဆိုရင်း အကယ်ဒမီက နတ်ကြီးတယ်လေ ရပြီဆိုတာသေချာမှပဲ ဆန္ဒနဲ့ ကိုက်နေတာတွေ့ရတော့ အဆင်ပြေသွားတယ်။ တစ်ခါတစ်ခါ အရင်းနှီးကြီးကြီးပေးပြီး ကိုယ့်ဆန္ဒအတိုင်း ဖြစ်မလာတော့ စိတ်ညစ်တာမျိုး ရှိတာပေါ့လေ။ ခဏခဏလဲကျလိုက် ပြန်ထလိုက်နဲ့ နေသားကျနေပါပြီလို့လည်း ဆိုပါတယ်။ ရိုက်ခဲ့တဲ့ကားတိုင်း ကောင်းအောင်ရိုက်ခဲ့တယ်။ အောင်မြင်တယ်ဆိုပေမယ့်လည်း ငွေကြေးအရ ရှုံးတာတွေလည်း ရှိတာပါပဲ။ ဘာပဲပြောပြော ရီမြင့်ရုပ်ရှင်ရဲ့အကယ်ဒမီ ပန်းခင်းကြီးကို မျှော်ကြည့်လိုက်မယ်ဆိုရင် တမျှော်တခေါ်ကြီးရှိခဲ့တာပါ။ ပထမဆုံးရိုက်ခဲ့တဲ့ အဖြူအမည်းရုပ်ရှင်ဖြစ်တဲ့ တတိယအရွယ်၏ဒုတိယဝေဒနာက စလို့ အကယ်ဒမီရခဲ့တဲ့ ဇာတ်ကားတွေကို ပြောရရင် မြင့်မိုရ်ထက်မြင့်သော၊ သင်္ကြန်မိုး၊ ဒဏ္ဍာရီ၊ ပန်းဒဏ္ဍာရီနဲ့ အခုနောက်ဆုံးရသွားတဲ့ ပန်းပျိုးသူတို့ အလင်္ကာအထိပေါ့။
ဒါကြောင့် ပျိုးကြဲသူ ကိုဇော်မြင့်ရဲ့ ကားတစ်ကားကို ငွေကြေးအရ တွက်ချက်ထည့်မတွက်ပဲ ရိုက်ခဲ့တဲ့ အတွက် အကယ်ဒမီအောင်ပန်းတွေ ဆင်မြန်းနိုင်ခဲ့သလိုပဲ ရဲရဲပက်ကြဲခဲ့လို့ ရှင်သန်လာခဲ့ကြတဲ့ ဇင်ဝိုင်း၊ မေသန်းနု၊ နေအောင်တို့ ဖူးပွင့်ခဲ့ကြပါတယ်။ မန္တလေးက ဂီတသမားတွေလည်း အကယ်ဒမီစင်မြင့်ထက်မှာ ၀ံ့ကြွားနိုင်ခဲ့ကြပါတယ်။ ပန်းပျိုးသူတို့ အလင်္ကာရဲ့ သုံးဆုသော အကယ်ဒမီထဲမှာ ဒီနှစ် အတွက် မန္တလေးသား ဂီတမှူးတစ်ဦးဖြစ်တဲ့ ကိုသော်ဇင်တစ်ယောက် မျိုးစေ့မှန်လို့ ရှင်သန်ခွင့်ရသွားပြီမို့ ၀မ်းမြောက်ပီတိတွေနဲ့ အားရှိရပါတယ်။ မေသဉ္ဇာဦးနဲ့ ကိုသန်းညွန့်တို့က ရိုက်ကွင်းမှာ ကထဲက ကျေနပ်မှုရှိပြီးသားမို့ ကိုသော်ဇင်အတွက် မရဲတရဲနဲ့ ဖြစ်နေရချိန်မှာ အကယ်ဒမီဆုကို ပွေ့ပိုက်တာ မြင့်ရတော့မှ စိတ်ချရပါတယ်လို့ ရယ်ရယ်မောမော ပြောပြခဲ့တဲ့ ကိုဇော်မြင့်တစ်ယောက် ရီမြင့်ရုပ်ရှင်အတွက် နောက်ထပ်ကားကြီး နှစ်ကား ရိုက်ဖို့ စီစဉ် ထားပြန်ပါတယ်။ လာမယ့် ဧပြီလဆန်းလောက်မှာ ဒါရိုက်တာ မောင်တင်ဦးနဲ့ ဒါရိုက်တာဟိန်းစိုးတို့နဲ့ ရိုက်ကူးမှာဖြစ်ပြီး မျိုးစေ့လောင်းများ ရွေးချယ်နေတယ်လို့သိရပါတယ်။