မန္တလေးမြို့ ရတနာပုံဈေး ပထမထပ်မှာရှိတဲ့ SkyWalk Shopping Mall (Promotion Area)မှာ ဖေဖော်ဝါရီလ ၁၂ ရက် ကနေ ၁၄ ရက်နေ့အထိ နံနက်(၁၀)နာရီမှ ည (၉)နာရီအတွင်း ချစ်သူများနေ့ (Valentine Day) အထိမ်းအမှတ် ပြပွဲနဲ့ ဈေးရောင်းပွဲတော်တစ်ခု ကျင်းပပြုလုပ်ခဲ့ ပါတယ်။ မိုးကုတ်ပေါက်ပေါက်၊ Kanebo၊ Right Choice နဲ့ Secret Garden တို့ရဲ့ ပူးပေါင်းတင်ဆက်မှုဖြစ်ပြီး ချစ်သူစုံတွဲ များ ပါဝင်ဆင်နွဲနိုင်သည့် ပျော်ရွှင်စရာ အစီအစဉ်များပါဝင်ပါတယ်။ အခမ်းအနားမှာ မိုးကုတ်ပေါက်ပေါက်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးနေပြီး ပွဲတော်ရက်အတွင်း တစ်ရက်ကို သုံးကြိမ်ခွဲကာ မိုးကုတ်ပေါက်ပေါက်မှ Model မောင်မယ်များက ဖက်ရှင်ရှိုးများ၊ အကအလှများဖြင့် ဖျော်ဖြေကြပါတယ်။ မင်္ဂလာဝတ်စုံများဝတ်ဆင်ပြသခြင်း၊ RC-Right Choice ရဲ့ အမျိုးသားများအတွက် Style လည်းကျ၊ Smart လည်းဖြစ်စေ မယ့် အ၀တ်အစားများ ၀တ်ဆင်ပြသခြင်းများ ပါဝင်ပါတယ်။ ဒါ့အပြင် မိတ်ကပ်ပညာရှင် အိတုံ နဲ့ ဘိုနီတို့ရဲ့ Kanebo အလှကုန်များအသုံးပြု မိတ်ကပ်လိမ်းခြယ်ခြင်းအစွမ်းများကို ပြသနေတာကိုလည်းတွေ့မြင်ရပါတယ်။ Secret Garden ရဲ့ ဥရောပနိုင်ငံလုပ် အကောင်းစားချောကလက်များ၊ နိုင်ငံခြားမှ တင်သွင်းလာသော နှင်းဆီပန်းရောင်စုံများ၊ ချစ်သူများနေ့ အတွက် ဆန်းဆန်းပြားပြား လက်ဆောင်ပစ္စည်းများ ရောင်းချပေးတဲ့ အပြင် မန္တလေး၊ ရန်ကုန်နဲ့ အခြားမြို့တွေကကိုပါ အမြန်ဆုံးပို့ဆောင်ပေးတဲ့အစီအစဉ်များနဲ့ ၀န်ဆောင်မှုပေးလျှက် ရှိပါတယ်။ ကံစမ်းမဲများလည်းပါဝင်ပြီး Beautiful Couple of the year 2008-2009 ကိုရွေးချယ်ရာမှာ ကိုမိုးမြင့်၊ မသဇင်အောင်တို့စုံတွဲကရရှိပြီး ဆုများအဖြစ်မင်္ဂလာဝတ်စုံ၊ မင်္ဂလာ ခန်းမပန်းအလှဆင်မှု၊ လက်ကိုင်ပန်း၊ မိတ်ကပ်ဆံပင်အလှဆင်ခြင်း၊ လက်ဝတ်ရတနာဆင်မြန်းခြင်းအပါအ၀င် စုစုပေါင်း ကျပ်သိန်း(၂၀)တန်ဖိုးရှိဆုလက်ဆောင်များကို ရရှိမှာဖြစ်ပါတယ်။