Talking with Academy Thaw Zin

February 15, 2008

thaw zin - 1

thaw zin - 2

ဂီတမှူး အကယ်ဒမီ သော်ဇင် (လ၀န်းအိမ်) တစ်ယောက် မန္တလေးပြန်ရောက်ပြီး သောင်းသောင်းဖြဖြ ကြိုခဲ့ကြသလို သူ့ရဲ့ လ၀န်းအိမ် တီးဝိုင်းအဖွဲ့သားများကလည်း ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။ မအားလပ်တဲ့ကြားက အကယ်ဒမီပွဲမှာ မပြောဖြစ် တဲ့စကားများကို မေးဖြစ် ပြောဖြစ်ခဲ့ကြပါတယ်။

အကယ်ဒမီရဖို့ ဘယ်လိုများကြိုးစားခဲ့သလဲလို့မေးတော့ ကိုသော်ဇင်က မန္တလေးသားတွေရဲ့ စေတနာအရင်းခံပေါ့ဗျာ။ ကောင်းအောင်လုပ်ပေးလိုက်တယ်။ မလုပ်ဘူးဆိုလည်း အစကထဲက မလုပ်ဘူး။ အကယ်ဒမီဆိုတာကြီးလည်း ခေါင်းထဲမှာ မရှိခဲ့ပါဘူး။ အလုပ်တစ်ခုကို ဆုံးခန်းတိုင်အောင်လုပ်ပေးလိုက် တာပါ။ လမ်းခုလတ်မှာ ရပ်တာဖြတ်တာမရှိပဲ တစိုက်မတ်မတ် ကြိုးစားပေးခဲ့လို့ အခုလို အကယ်ဒမီရတယ်လို့ ပြောလို့ရပါတယ်။
ရီမြင့်ရုပ်ရှင် ထုတ်လုပ်ရေးက ကိုဇော်မြင့်ရဲ့ ကျေးဇူးတွေလည်း အများကြီးပါပါတယ်။ သူက ကျွန်တော့်ကို လုပ်ခိုင်းခဲ့ တယ်။ ကိုယ့်ရဲ့ကြိုးစားမှုတွေကို အထောက်အကူအများကြီးပေးခဲ့ပါတယ်။ နောက်ပြီးသီချင်းရွေးချယ်မှုကလည်း ကောင်းခဲ့ပါတယ်။ ပျို့မှာတမ်း၊ အဝေးကမေ၊ ရောင်နီပျို့၊ လေပြေညင်းနဲ့ပျော်ကြမယ်၊ ချစ်တဲ့သက်လယ် အစရှိတဲ့ သီချင်းကောင်းလေးတွေကလည်း ပံ့ပိုးပေးထားပါတယ်။ ကျွန်တော်ကတော့ လိုနေသေးတယ်လို့ ထင်တာပါပဲ။ အင်အားရှိသလောက်တော့ ကြိုးစားဦးမှာပါ။ ပရိသတ်ရဲ့ ဆုံးဖြတ်ချက်က အဓိကကျပါတယ်။

အကယ်ဒမီရသူနာမည်ကြေငြာချိန်မှာ ဘယ်လိုခံစားရသလဲလို့မေးတော့ အကယ်ဒမီရပြီလို့ ကြားလိုက်ရတဲ့အခါမှာ ပထမဆုံးပျော်တယ်။ ပြီးတော့ ကြောက်သွားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပိုပြီးလေးနက်လာတယ်လို့ ခံစားရတယ်လေ။ နောက်ပြီး အဖေ့မျက်နှာကို ပြေးမြင်လိုက်တယ်။ အဖေဖြစ်သူ ဦးဘတူက လက်ဦးဆရာပါ။ အဖေတို့ သင်္ဂဟ အဖွဲ့က အိမ်မှာတီးလုံးတိုက်ကြတာဆိုတော့ ကျွန်တော်ငယ်စဉ်ကထဲက ဂီတနဲ့ ထိတွေ့ခဲ့ပါတယ်။ သမိုင်းပေးတာဝန်လို့ပဲ ပြောရမလား အဖေလုပ်သမျှတွေကို ကြည့်ပြီး ဂီတလမ်းကြောင်းပေါ်ကို ရောက်လာရတာပါပဲ။ အဖိုးဖြစ်သူ ဦးဘသာက မြန်မာတူရိယာပစ္စည်းများကို ထုတ်လုပ်ရောင်းချပါတယ်။ ဟိုက်စကူးမောင်စိန်ဆိုပြီး ပြဇာတ်တွေကဖူးပါတယ်။ လွှ ကို ၀ါးခြမ်းပြားနဲ့ တယောလို ဂီတသံစဉ်ဖြစ်အောင် တီးပြနိုင်သူပါ။ အမေ ဒေါ်ညွန့်မေကလည်း သီချင်းဆိုခဲ့သူဖြစ်လေတော့ ကျွန်တော်က အနုပညာမျိုးရိုးဗီဇပါသူ တစ်ဦးပါ။

ကျေးဇူးတင်ထိုက်သူတွေကိုမေးတော့ သင်ဆရာဖြစ်တဲ့ ဦးဘိုခင်၊ ဦးရွှန်းမြိုင်၊ မြင်ဆရာ၊ ကြားဆရာများဖြစ်တဲ့ ဦးတင်ဝင်းလှိုင်၊ စန္ဒားရားဦးလှထွဋ်၊ ဒေါက်တာဝင်းသူ၊ မင်းမင်း(M Studio)၊ ဇော်တိကဦးကျော်လွင်၊ ကိုဇော်ဇော်(ဘိုအဖွဲ့) ဦးဗို+ဒေါ်မာလာတို့ကို ကျေးဇူးတင်ရမှာပါ။

အကယ်ဒမီရပြီဆိုတော့ ရှေ့ဆက်ဘာလုပ်မလဲ မေးတော့ ဆက်ကြိုးစားရမှာပေါ့။ ရပ်နေလို့ မဖြစ်ဘူး။ နောက်ထပ် အကယ်ဒမီရရင် ဆက်လုပ်မယ်။ မန္တလေးအတွက် ဂုဏ်ယူမိပါတယ်လို့ ပြောကြားသွားပါတယ်။


Zaw Myint (Ye Myint – Movie Production)

February 15, 2008

zaw myint

အရင်းအနှီးများစွာနဲ့ နှစ်ပေါင်းများစွာ ရင်းနှီးပေးဆပ်ရင်း ရုပ်ရှင်ကားပေါင်းများစွားကို တင်ကျန်အောင်ရိုက်လေ့ရှိတဲ့ မန္တလေးမြို့က ရီမြင့်ရုပ်ရှင်က ကိုဇော်မြင့်တစ်ယောက် ၂၀၀၆-ခုနှစ် ရုပ်ရှင်အကယ်ဒမီဆု(၃)ဆုရတဲ့ ပန်းပျိုးသူတို့ အလင်္ကာမှာ အောင်ပန်းဆင်နိုင်ခဲ့ပါတယ်။ အကယ်ဒမီပေးပွဲက အပြန် တွေ့ဖြစ်ခဲ့တဲ့ ကိုဇော်မြင့်နဲ့ ရင်တွင်းစကားများ ပြောဖြစ်တဲ့အခါ ရစေချင်တဲ့ ဆုတွေ ရခဲ့တာမို့ ကျေနပ်ပါတယ်။ လိုချင်တဲ့ဆုတွေချည်းပါပဲ လို့ ဆိုရင်း အကယ်ဒမီက နတ်ကြီးတယ်လေ ရပြီဆိုတာသေချာမှပဲ ဆန္ဒနဲ့ ကိုက်နေတာတွေ့ရတော့ အဆင်ပြေသွားတယ်။ တစ်ခါတစ်ခါ အရင်းနှီးကြီးကြီးပေးပြီး ကိုယ့်ဆန္ဒအတိုင်း ဖြစ်မလာတော့ စိတ်ညစ်တာမျိုး ရှိတာပေါ့လေ။ ခဏခဏလဲကျလိုက် ပြန်ထလိုက်နဲ့ နေသားကျနေပါပြီလို့လည်း ဆိုပါတယ်။ ရိုက်ခဲ့တဲ့ကားတိုင်း ကောင်းအောင်ရိုက်ခဲ့တယ်။ အောင်မြင်တယ်ဆိုပေမယ့်လည်း ငွေကြေးအရ ရှုံးတာတွေလည်း ရှိတာပါပဲ။ ဘာပဲပြောပြော ရီမြင့်ရုပ်ရှင်ရဲ့အကယ်ဒမီ ပန်းခင်းကြီးကို မျှော်ကြည့်လိုက်မယ်ဆိုရင် တမျှော်တခေါ်ကြီးရှိခဲ့တာပါ။ ပထမဆုံးရိုက်ခဲ့တဲ့ အဖြူအမည်းရုပ်ရှင်ဖြစ်တဲ့ တတိယအရွယ်၏ဒုတိယဝေဒနာက စလို့ အကယ်ဒမီရခဲ့တဲ့ ဇာတ်ကားတွေကို ပြောရရင် မြင့်မိုရ်ထက်မြင့်သော၊ သင်္ကြန်မိုး၊ ဒဏ္ဍာရီ၊ ပန်းဒဏ္ဍာရီနဲ့ အခုနောက်ဆုံးရသွားတဲ့ ပန်းပျိုးသူတို့ အလင်္ကာအထိပေါ့။
ဒါကြောင့် ပျိုးကြဲသူ ကိုဇော်မြင့်ရဲ့ ကားတစ်ကားကို ငွေကြေးအရ တွက်ချက်ထည့်မတွက်ပဲ ရိုက်ခဲ့တဲ့ အတွက် အကယ်ဒမီအောင်ပန်းတွေ ဆင်မြန်းနိုင်ခဲ့သလိုပဲ ရဲရဲပက်ကြဲခဲ့လို့ ရှင်သန်လာခဲ့ကြတဲ့ ဇင်ဝိုင်း၊ မေသန်းနု၊ နေအောင်တို့ ဖူးပွင့်ခဲ့ကြပါတယ်။ မန္တလေးက ဂီတသမားတွေလည်း အကယ်ဒမီစင်မြင့်ထက်မှာ ၀ံ့ကြွားနိုင်ခဲ့ကြပါတယ်။ ပန်းပျိုးသူတို့ အလင်္ကာရဲ့ သုံးဆုသော အကယ်ဒမီထဲမှာ ဒီနှစ် အတွက် မန္တလေးသား ဂီတမှူးတစ်ဦးဖြစ်တဲ့ ကိုသော်ဇင်တစ်ယောက် မျိုးစေ့မှန်လို့ ရှင်သန်ခွင့်ရသွားပြီမို့ ၀မ်းမြောက်ပီတိတွေနဲ့ အားရှိရပါတယ်။ မေသဉ္ဇာဦးနဲ့ ကိုသန်းညွန့်တို့က ရိုက်ကွင်းမှာ ကထဲက ကျေနပ်မှုရှိပြီးသားမို့ ကိုသော်ဇင်အတွက် မရဲတရဲနဲ့ ဖြစ်နေရချိန်မှာ အကယ်ဒမီဆုကို ပွေ့ပိုက်တာ မြင့်ရတော့မှ စိတ်ချရပါတယ်လို့ ရယ်ရယ်မောမော ပြောပြခဲ့တဲ့ ကိုဇော်မြင့်တစ်ယောက် ရီမြင့်ရုပ်ရှင်အတွက် နောက်ထပ်ကားကြီး နှစ်ကား ရိုက်ဖို့ စီစဉ် ထားပြန်ပါတယ်။ လာမယ့် ဧပြီလဆန်းလောက်မှာ ဒါရိုက်တာ မောင်တင်ဦးနဲ့ ဒါရိုက်တာဟိန်းစိုးတို့နဲ့ ရိုက်ကူးမှာဖြစ်ပြီး မျိုးစေ့လောင်းများ ရွေးချယ်နေတယ်လို့သိရပါတယ်။


Beauty Couple of the Year 2008-2009

February 15, 2008

beauty couple

beautiful couple 2

beautiful couple 3

မန္တလေးမြို့ ရတနာပုံဈေး ပထမထပ်မှာရှိတဲ့ SkyWalk Shopping Mall (Promotion Area)မှာ ဖေဖော်ဝါရီလ ၁၂ ရက် ကနေ ၁၄ ရက်နေ့အထိ နံနက်(၁၀)နာရီမှ ည (၉)နာရီအတွင်း ချစ်သူများနေ့ (Valentine Day) အထိမ်းအမှတ် ပြပွဲနဲ့ ဈေးရောင်းပွဲတော်တစ်ခု ကျင်းပပြုလုပ်ခဲ့ ပါတယ်။ မိုးကုတ်ပေါက်ပေါက်၊ Kanebo၊ Right Choice နဲ့ Secret Garden တို့ရဲ့ ပူးပေါင်းတင်ဆက်မှုဖြစ်ပြီး ချစ်သူစုံတွဲ များ ပါဝင်ဆင်နွဲနိုင်သည့် ပျော်ရွှင်စရာ အစီအစဉ်များပါဝင်ပါတယ်။ အခမ်းအနားမှာ မိုးကုတ်ပေါက်ပေါက်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးနေပြီး ပွဲတော်ရက်အတွင်း တစ်ရက်ကို သုံးကြိမ်ခွဲကာ မိုးကုတ်ပေါက်ပေါက်မှ Model မောင်မယ်များက ဖက်ရှင်ရှိုးများ၊ အကအလှများဖြင့် ဖျော်ဖြေကြပါတယ်။ မင်္ဂလာဝတ်စုံများဝတ်ဆင်ပြသခြင်း၊ RC-Right Choice ရဲ့ အမျိုးသားများအတွက် Style လည်းကျ၊ Smart လည်းဖြစ်စေ မယ့် အ၀တ်အစားများ ၀တ်ဆင်ပြသခြင်းများ ပါဝင်ပါတယ်။ ဒါ့အပြင် မိတ်ကပ်ပညာရှင် အိတုံ နဲ့ ဘိုနီတို့ရဲ့ Kanebo အလှကုန်များအသုံးပြု မိတ်ကပ်လိမ်းခြယ်ခြင်းအစွမ်းများကို ပြသနေတာကိုလည်းတွေ့မြင်ရပါတယ်။ Secret Garden ရဲ့ ဥရောပနိုင်ငံလုပ် အကောင်းစားချောကလက်များ၊ နိုင်ငံခြားမှ တင်သွင်းလာသော နှင်းဆီပန်းရောင်စုံများ၊ ချစ်သူများနေ့ အတွက် ဆန်းဆန်းပြားပြား လက်ဆောင်ပစ္စည်းများ ရောင်းချပေးတဲ့ အပြင် မန္တလေး၊ ရန်ကုန်နဲ့ အခြားမြို့တွေကကိုပါ အမြန်ဆုံးပို့ဆောင်ပေးတဲ့အစီအစဉ်များနဲ့ ၀န်ဆောင်မှုပေးလျှက် ရှိပါတယ်။ ကံစမ်းမဲများလည်းပါဝင်ပြီး Beautiful Couple of the year 2008-2009 ကိုရွေးချယ်ရာမှာ ကိုမိုးမြင့်၊ မသဇင်အောင်တို့စုံတွဲကရရှိပြီး ဆုများအဖြစ်မင်္ဂလာဝတ်စုံ၊ မင်္ဂလာ ခန်းမပန်းအလှဆင်မှု၊ လက်ကိုင်ပန်း၊ မိတ်ကပ်ဆံပင်အလှဆင်ခြင်း၊ လက်ဝတ်ရတနာဆင်မြန်းခြင်းအပါအ၀င် စုစုပေါင်း ကျပ်သိန်း(၂၀)တန်ဖိုးရှိဆုလက်ဆောင်များကို ရရှိမှာဖြစ်ပါတယ်။