![]()
မန္တလေးမြို့ရဲ့ အချက်အချာကြတဲ့ ၇၇x၇၈ လမ်းနဲ့ ၃၃x၃၄ လမ်းကြားက ရတနာပုံ အဆင့်မြင့်ဈေးကြီးဟာ ၂၅-၂-၂၀၀၈ နံနက် ရ နာရီခွဲခန့်မှာ မီးစတင်လောင်ကျွမ်းခံခဲ့ရပြီး ညပိုင်းအထိ တစ်နေကုန် မီးငြိမ်းသတ်ခဲ့ရကြောင်း သိရပါတယ်။ ”ဈေးတံခါးဖွင့်ပြီး လျှပ်စစ်မီးစပေးတဲ့ အချိန်မှာ အောက်ဆုံးထပ် ပန်းကန်ဆိုင်တွေကြားက စက်ချုပ်ဆိုင်မှာ လျှပ်စစ်ဝိုင်ယာချို့ယွင်းချက်ကြောင့် မီးစတင်လောင်ကျွမ်းခဲ့တာ။ စစခြင်း မီးသတ်ဘူးတွေနဲ့ ငြိမ်းခဲ့ပေမယ့် မနိုင်တော့ပဲ အပေါ်ထပ်ကိုပါ ကူးစက်လောင်ကျွမ်းခဲ့ပါတယ်။”လို့ ဈေးရုံးမှ တာဝန်ရှိဝန်ထမ်းတစ်ဦးက ပြောကြား ပါတယ်။ရတနာပုံအဆင့်မြင့်ဈေးကြီးဟာ မန္တလေးမှာ ဈေးချို အဆင့်မြင့်ဈေးပြီးရင် ဒုတိယအကြီးဆုံး ဈေးကြီးဖြစ်ပြီး တစ်ပြပတ်လည်ရှိတဲ့ ငါးထပ်အဆောက်အအုံဖြစ်ပါတယ်။ မြေညီထပ်မှာ အထည်အလိပ် လက်ကားဆိုင်၊ ပုဂံဆိုင်၊ ကုန်စိမ်းဆိုင်၊ ပထမထပ်မှာ Sky Walk Shopping Mall ၊ Orange Super Market ၊ နိုင်ငံတကာအဆင့်မီ အ၀တ်အထည်ဆိုင်၊ ဒစ်ဂျစ်တယ်အိမ်သုံးပစ္စည်းဆိုင်၊ စားသောက်ဆိုင်၊ ဒုတိယထပ်မှာ မန္တလေးဓာတ်ပုံအသင်း၊ အထက်မြန်မာပြည် ဓာတ်ပုံအသင်း၊ စက်မှုလက်မှု ကုန်သည်ကြီးများအသင်း၊ MCC ကွန်ပျူတာသင်တန်း၊ စာပေဗိမာန်စာကြည့်တိုက်၊ တတိယထပ်မှာ MICT Park (Yadanarbon Cyber)၊ ကွန်ပျူတာပညာရှင်အသင်း၊ ကွန်ပျူတာလုပ်ငန်းရှင်အသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း၊ ကွန်ပျူတာပြုပြင်ရေး ဆိုင်များ၊ ကွန်ပျူတာသင်တန်းများ၊ ကွန်ပျူတာအရောင်းဆိုင်များ၊ စတုတ္ထထပ်မှာ Ray World Complex ၊ ဘာသာစကားနှင့် ကွန်ပျူတာသင်တန်းများ၊ လျှပ်တပြတ်ဂျာနယ်၊ နံနက်ခင်းဂျာနယ်၊ ရုံးခန်းများ ပါဝင်ပါတယ်။”အပေါ်ဆုံးထပ် Ray World မှာရှိတဲ့ ကိုဝင်းကိုရဲ့ SUN STAR ဓာတ်ပုံ ပြခန်း၊ မတင်မိုးလွင်ရဲ့ Talent and Model သင်တန်းတွေ ပါသွားတယ်။ ကိုဝင်းကိုရဲ့ ဓာတ်ပုံပြခန်းမှာ ဓာတ်ပုံကောင်းလေးတွေပါသွားတာ ကြားသိ ရတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ”လို့ အနုပညာမြတ်နိုးသူတစ်ဦးကပြောကြားပါတယ်။
Spike တူရိယာပစ္စည်း အရောင်းဆိုင်ပိုင်ရှင်က ”တန်ဖိုးရှိ ပစ္စည်းတော်တော်များများ ဆုံးရှုံးသွားတာကို နှမြောတာထက် ဦးချစ်စမ်းမောင် ကိုယ်တိုင် လက်မှတ်ထိုးပေးထားတဲ့ Yamaha အမျိုးအစား ဂီတာလေးပါသွားတာကို ပိုပြီးနှမြောမိတယ်။ မီးသင့်ခံထားရတဲ့ ဂီတာလေးရဲ့ ဘယ်အစိပ်အပိုင်းပဲရရ အမှတ်တရ သိမ်းထားမယ်။“ လို့ မီးလောင်ပြင်မှာပဲ ၀မ်းနည်းစွာနဲ့ ပြောကြားပါတယ်။
“MICT PARK မှာတော့ အရှေ့ဖက်နဲ့ မြောက်ဖက်ခြမ်းမှာပဲ အထိများတယ်။ အနောက်ဖက်ခြမ်းနဲ့ တောင်ဖက်ခြမ်းတော်တော်များများလွတ်သွားတယ်။ ဒါပေမယ့်လည်း အပူရှိန်ကြောင့် မော်နီတာတွေ အရည်ပျော်နေတာကိုတွေ့မြင်ရတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ တော်တော်များပါတယ်”လို့ ကွန်ပျူတာလုပ်ငန်းရှင်အသင်းဥက္ကဌက ပြောကြားသွားပါတယ်။
Posted by sayaba
Posted by sayaba
Posted by sayaba