Zawgyi Font 2008

January 17, 2008

၂၀၀၈ခုနှစ်ကို ကြိုဆိုတဲ့အနေနဲ့ ဇော်ဂျီဖောင့်၊ ကီးဘုတ်၊ ကီးဘုတ်ပုံ စတာတွေ အားလုံးကို နှစ်သစ်ကူးလက်ဆောင်အဖြစ် စတင် ထုတ်ဝေလိုက်ပါပြီ။ အသစ်တင်ထားပါပြီ။ အသေးစိတ်ကို ဒီနေရာတွင် ကြည့်ပါ။ဒီအသစ်မှာတော့ အရင်အခေါက်တွေတုန်းကလို မဟုတ်ဘဲ ကြီးကြီးမားမား ပြောင်းလဲချက်တွေ ပါပါတယ်။

ပဋ္ဌ်ဆင့် “ဘ” အသစ်တစ်ခုကို ထည့်ထားရပါတယ်။

ကီးဘုတ်နေရာတွေကို ပြောင်းထားပါတယ်။ ဒီပြောင်းလဲမှု အသစ်က ပိုပြီး အဆင်ပြေစေမယ်လို့ ယူဆပါတယ်။ ဇော်ဂျီကီး (dead-key ရဲ့ နာမည်သစ်) တစ်ခု ပါပြီးတော့ Symbol Key တစ်ခု ပါပါတယ်။ SK နှိပ်ပြီး punctuation တွေ symbol တွေကို အင်္ဂလိပ်ကီးအတိုင်း ရိုက်နိုင်မှာ ဖြစ်တဲ့အတွက် မြန်မာလို ရိုက်နေတုန်း comma လေးတစ်ခု ထည့်ချင်လို့ language တစ်ခု ပြောင်းစရာ မလိုတော့ပါဘူး။ Keyboard map အသစ်ကို ယူကြည့်လိုက်ပါ။

Zero-width space ကို ကီးဘုတ်ပေါ် ထည့်ပေးထားပါတယ်။ စကားလုံးတွေ ခြားဖို့ manual ရိုက်ထည့်နိုင်ဖို့ပါ။ Google လိုမျိုး ရှာဖွေရေး အင်ဂျင်တွေက ကောင်းကောင်း ရှာစေချင်ရင် ဒါလေးကို ထည့်ထည့်ပြီး ရိုက်ပေးနိုင်ပါတယ်။

ထုံးစံအတိုင်း ကျွန်တော်တို့တွေ မအားကြလို့ စာရွက်စာတမ်း သေသေချာချာတော့ မရေးထားရသေးပါဘူး။ ဒါပေမဲ့ ပိုပြီး လွယ်ကူပြည့်စုံလာတယ် ဆိုတာတော့ တင်ပြလိုက်ရပါတယ်။
ဧရီယယ်-ဇော်ဂျီဖောင့် arial-zawgyi-20071230.ttf

ဇော်ဂျီဖောင့်အသစ် Zawgyi-One-20071230.ttf

ဇော်ဂျီကီးဘုတ်အသစ် Zawgyi_Keyboard_L.zip

ဇော်ဂျီကီးဘုတ်မြေပုံအသစ် Zawgyi Unicode Keyboard L.pdf

စိတ်ဝင်စားသူ developer တွေအတွက် ဇော်ဂျီကီးဘုတ် source ZawgyiL.klc

source: zaygyi.net


Mother Day (Mandalay) 2008

January 17, 2008

(၁၂)ကြိမ်မြောက် မန္တလေးအမေနေ့အခမ်းအနားကို ပြာသိုလပြည့်နေ့ (၂၂-၁-၂၀၀၈)နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ အချိန်က နေ့(၁)နာရီဖြစ်ပြီး နေရာက သကျသီဟဘုရား၊ ဝေဇယန္တာဓမ္မာရုံမှာ ကျင်းပမှာပါ။ သကျသီဟဘုရား တည်နေရာကတော့ ၃၁ လမ်း၊ ၈၅x၈၆ လမ်းကြား ဖြစ်ပါတယ်။ အခမ်းအနားမှာ အမျိုးသားစာပေဆုရ စာရေးဆရာ လယ်တွင်းသားစောချစ်နဲ့ စာရေးဆရာဒါရိုက်တာ မောင်နှင်းမိုးတို့က အမေ့ကျေးဇူး၊ အမေ့ဂုဏ်ရည်တို့ကို ဟောပြောမှာဖြစ်ပါတယ်။

အမေ့ခြေရာ၊ အဖေ့ခြေရာ ရယူပေးခြင်းများလည်း ဆောင်ရွက်ပေးနေတဲ့အတွက် အမေ့ခြေရာ၊ အဖေ့ခြေရာ ရယူလိုသူများ (၁၄-၁-၂၀၀၈)ကနေ (၂၁-၁-၂၀၀၈) ရက်နေ့အတွင်း နံနက်(၉)နာရီမှ မွန်းလွဲ(၂)နာရီအတွင်း ဝေဇယန္တာဓမ္မာရုံ (သကျသီဟဘုရား)မှာ မိဘနှင့်အတူ သွားရောက်ခံယူရရှိနိုင်မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ……